မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း သွားလာခွင့် ပိတ်ထားသည်မှာ(၂)လနီးပါးရှိလာ

0
61

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းအား ဒေသတွင်း တိုက်ပွဲများကြောင့် ပြီးခဲ့သည့် မတ်လ(၉)ရက် မှစတင်၍ ဖြတ် သန်းသွားလာခွင့်ပိတ်ထားရာ ယနေ့အချိန်အထိ ပိတ်ထားဆဲဖြစ်ကြောင်း ပူတာအိုဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

လက်ရှိတွင် ဒေသအတွင်း တိုက်ပွဲများ မဖြစ်ပွားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း လမ်းပိုင်းအား သွားလာခွင့်ပိတ်ထားဆဲဖြစ်ပြီး မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို မသိရှိရကြောင်း ၎င်းကဆိုသည်။

“ဒီလောက်ကြာလာတော့ ဒေသကုန်စည်စီးဆင်းမှုတွေ လုံးဝမရှိတော့ဘဲ ကုန်ဈေးနှုန်းတွေ မြင့်တက်တာ ကြောက်ခမန်းလိလိဘဲ။ ပူတာအိုဒေသခံတွေ ကုန်ဈေးနှုန်းကို ဘယ်လိုရင် ဆိုင်နေရလည်းဆိုတာ မေးကြည့်လို့ရတယ် “ဟု ‌၎င်းက ရှင်းပြသည်။

လက်ရှိတွင် စက်သုံး‌ဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသကဲ့သို့ ဆန်ဈေးနှုန်းများလည်း မြင့်တက်နေသည့်အတွက် ဖြတ်သန်းသွားလာခွင့် ယခုထက်ရက် ကြာလာမည်ဆိုပါက စားဝတ်နေရေး ခက်ခဲလာနိုင်ကြောင်း သိရသည်။

“ဒီဇယ်ဆို ပြတ်နေပြီ၊ ဓာတ်ဆီက တစ်ပုလင်းကို နှစ်သောင်းနဲ့ နှစ်သောင်းခွဲမှာ ပေးဝယ်နေရတယ်။ လမ်းပေါ်မှာ အရင်လို ဆိုင်ကယ်တို့ ကားတို့ မရှိသလောက်ဘဲ။ ကျွန်တော်ဆို ဓာတ်ဆီ တစ်လုံး နှစ်သောင်းဖိုးလောက်ဝယ်ထည့်ပြီး လိုအပ်မှဘဲ အပြင်သွားတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးကဆိုသည်။

ပူတာအိုတွင် ဓာတ်ဆီတစ်ဂါလံ တစ်သိန်းကျော်အထိ ရှိနေ သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်မှာ  မှန်ကန်ကြောင်း ၎င်းက ပေါ်ပြူလာနယူးစ်သို့ အတည်ပြုသည်။

ပြီးခဲ့သည့် မတ်လ (၇)ရက်က စတင်၍ ကချင်ပြည်နယ်တစ်ဝန်း KIA လက်နက် ကိုင်အဖွဲ့က တပ်မတော်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးအချို့ ပြတ်တောက်ခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here