ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ရှိသည့်အတွက် မြို့နယ်နေရာအချို့တွင် ဒီဇင်ဘာ (၂၆)ရက်မှ ဇန်နဝါရီ (၂) ရက်အတွင်းယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ယနေ့ ဒီဇင်ဘာ(၂၆)ရက်မှ ဇန်နဝါရီ (၂) ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၁၀၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း YESC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ်းလွန်ရွှေဂက်စ်မှ မြင်းခြံမြို့သို့ ပေးပို့နေသော တောင်သာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေသောကြောင့် ယနေ့ ဒီဇင်ဘာ(၂၆)ရက် နံနက်(၁၀)နာရီခွဲမှ နေ့လယ် (၂) နာရီခွဲအထိ အရေးပေါ် ရပ်တန့် ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း YESC မှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် gas ပေးပို့မှုရပ်တန့်ရမည်ဖြစ်ပါသောကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၃၁၅) မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်ပါသဖြင့် အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တော က်မှုများရှိမည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်သည်။