မြန်မာနိုင်ငံ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်သည် 2026 ASEAN SMOKE-FREE AWARD တတိယဆုကို ရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးတိုက်ဖျက်ရေးလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား ဆေးလိပ်ငွေ့အန္တရာယ်မှ ကာကွယ်နိုင်ရန် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ (၂၀၀၆)” နှင့်အညီ ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။
2026 ASEAN SMOKE-FREE AWARD တတိယဆုကို သံဖြူဇရပ်မြို့နယ်အပြင် အင်ဒိုနီးရှားနိုင်ငံ ဒီးပေါ့ခ်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဖိလစ်ပိုင်နိုင်ငံ ပါစစ်မြို့နှင့် ထိုင်းနိုင်ငံ မဟာဆာရာခမ်မြို့တို့ကလည်း ရရှိခဲ့သည်။
ဒုတိယဆုကို မလေးရှားနိုင်ငံ ဂျော့ရှ်တောင်းမြို့က ရရှိခဲ့ပြီး ပထမဆုကို ဖိလစ်ပိုင်နိုင်ငံ ဘာဂီယိုမြို့က ရရှိခဲ့သည်။
အဆိုပါဆုကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပလျက်ရှိသည့် (၁၇) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ကျန်းမာရေးဝန်ကြီးဌာနကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရသည်။
