ဖနောင်ပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်သို့ သွားရောက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်စေရေး၊ နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်ကို နွေးထွေးစွာကြိုဆိုပြီး ယခုခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
