မန္တလေး၊ စက်တင်ဘာ ၁၁
နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) နှင့် Center for Vocational Training (CVT) တို့ ပူးတွဲဦးဆောင်ကာ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) တို့ ပူးပေါင်းဆောင်ရွက်သည့် “ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ စီမံကိန်း” ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်တွင် မန္တလေးမြို့ရှိ MRCCI ရုံးချုပ်၌ ကျင်းပခဲ့သည်။
အဆိုပါ စီမံကိန်းသည် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့သည့် မိသားစုများနှင့် အလုပ်အကိုင် ရှာဖွေနေသူများအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ တတ်မြောက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုက်ရိုက် ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
သင်တန်းသားများအနေဖြင့် သင်တန်းကြေး အခမဲ့ တက်ရောက်နိုင်မည့်အပြင် သင်တန်းကာလအတွင်း နေ့စဉ်စရိတ် ထောက်ပံ့ပေးမည်ဖြစ်ကာ လုပ်ငန်းခွင် လက်တွေ့လေ့ကျင့်ရေး (OJT)၊ သင်တန်းဆင်းပြီးပါက ကိုယ်ပိုင်အလုပ် စတင်နိုင်ရန် Start-Up Kit ပစ္စည်းများ ပံ့ပိုးပေးခြင်းနှင့် အလုပ်အကိုင် တိုက်ရိုက်ချိတ်ဆက်ပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လက်သမား၊ ပန်းရံ၊ ဂဟေဆက်၊ ပိုက်ပြင်ပိုက်ဆက်၊ သံချည်သံကွေးနှင့် Soft Skills ကျွမ်းကျင်သင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ တက်ရောက်လိုပါက CVT Office: ဖုန်း ၀၉-၂၅၀၆၄၀၆၀၈၊ MPTA Office: ၀၉-၇၉၇၃၀၄၆၃၅၊ MDY Office: ၀၉-၉၇၄၃၇၄၆၂၂၊ ၀၉-၉၄၀၂၀၀၀၆၃ နှင့် ၀၉-၈၉၈၁၆၀၁၄၈ တို့သို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းမှ Project Implementor Coordinator ဦးထွန်းထွန်း က ကြိုဆို နှုတ်ခွန်းဆက် စကားနှင့် Donor Remarks ပြောကြားခဲ့ပြီး၊ MPTA ဥက္ကဋ္ဌ ဦးအေးမင်းမင်း က Project Lead အဖြစ် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ CVT မှ CEO ဒေါ်ခင်မြတ်စန္ဒာ က စီမံကိန်း ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် Project Team အဖွဲ့ဝင်များကို မိတ်ဆက်ပေးခဲ့သည်။
ထို့နောက် ရွှေသမား ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဘဒ္ဒန္တ ကောသလ္လာဘိဝံသ၊ MRCCI ဥက္ကဋ္ဌ ဦးတင်လတ် နှင့် MCEA (စစ်ကိုင်း) ဒုဥက္ကဋ္ဌ ဦးလှမျိုးလွင် တို့က ဂုဏ်ပြု စကားများ ပြောကြားခဲ့ကြပြီး၊ MCEA (Mandalay) ဥက္ကဋ္ဌ ဦးသိန်းဇော် က နိဂုံးချုပ် စကား ပြောကြားခဲ့ကြောင်း သိရသည်။
