ရှမ်းပြည်နယ် (အမျိုးသမီး) နှင့် မန္တလေးတိုင်းဒေသကြီး (အမျိုးသား) အသင်းများ တံခွန်စိုက်ဖလား ဆွတ်ခူး
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် (U-25) ဘော်လီဘော အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ပြိုင်ပွဲပြီးဆုံးပြီးနောက် ကျင်းပသည့် ဆုချီးမြှင့်ပွဲတွင် ထူးချွန်အသင်းများနှင့် ကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အမျိုးသမီးပြိုင်ပွဲ၌ အိမ်ရှင် ရှမ်းပြည်နယ်အသင်းက ပထမဆု တံခွန်စိုက်ဖလားနှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀ ကို ဆွတ်ခူးရရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအသင်းက ဒုတိယဆုနှင့် ဆုငွေကျပ် ၁၅ သိန်း ရရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့က ပူးတွဲတတိယဆုများ ရရှိခဲ့ကြသည်။
အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ပထမဆု တံခွန်စိုက်ဖလားနှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀ ကို ရယူနိုင်ခဲ့ပြီး မွန်ပြည်နယ်အသင်းက ဒုတိယဆုနှင့် ဆုငွေကျပ် ၁၅ သိန်း ရရှိခဲ့သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့က ပူးတွဲတတိယဆုများ ရရှိခဲ့ကြသည်။
ထို့ပြင် ပြိုင်ပွဲတစ်လျှောက် လက်စွမ်းကောင်းများ ပြသနိုင်ခဲ့သည့် အသက်အငယ်ဆုံးနှင့် အတိုးတက်ဆုံး မျိုးဆက်သစ်အားကစားသမားဆုများအပြင် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများကိုလည်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
