ထားဝယ်၊ စက်တင်ဘာ ၁၆
အိုဇုန်းလွှာ ကာကွယ်ရေးလုပ်ငန်းများကို ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ စွမ်းအင် ထိရောက်စွာ အသုံးချရေးနှင့် ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေး လုပ်ငန်းများနှင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောကြားသည်။
ယနေ့တွင် ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်စဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အိုဇုန်းလွှာ ထိန်းသိမ်းရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနများ၊ ပညာရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ နည်းပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ အားလုံးက မိမိတို့ အခန်းကဏ္ဍအလိုက် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မွန်ထရီယယ်လ် စာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း၌လည်း ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာမြေပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” နှင့်အညီ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အိုဇုန်းလွှာ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုများ ပြသခြင်း၊ စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
