Home News Local News အပူချိန်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖရဲသီးရောင်းအားတိုးလာ

အပူချိန်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖရဲသီးရောင်းအားတိုးလာ

0
67

ပြည်ပစျေးကွက်အလားအလာကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်ကို ဦးတည်ရောင်းချနေသည့် ဖရဲသီးများမှာ လက်ရှိရာသီအပူချိန်မြင့်တက်လာမှုနှင့်အတူ ဝယ်လိုအားတိုးလာကာ အရောင်းအဝယ်ကောင်းမွန်လာကြောင်း နေပြည်တော်ဒေသရှိ ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

နေပြည်တော်ဒေသအတွင်း တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များတွင် ဖရဲစိုက်ပျိုးမှုများရှိနေပြီး ဒေသထွက်ဖရဲများအပြင် တောင်ငူ၊ ပဲခူးနှင့် ဒိုက်ဦးဒေသများမှလည်း ဖရဲသီးများ ဝင်ရောက်ရောင်းချလျက်ရှိသည်။

ယခင်က ထိုဖရဲများကို တရုတ်နိုင်ငံအပါအဝင် ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းစျေးကွက်ကိုသာ အဓိကထား ရောင်းချလာရကြောင်း သိရသည်။

ဖရဲရောင်းချသူတစ်ဦးက “အရင်ကတော့ အရောင်းမကောင်းဘူး၊ အခုတော့ ရာသီဥတုပူလာတော့ အေးစာဖြစ်တဲ့ ဖရဲသီးကို လူတွေ ဝယ်စားလာကြတယ်၊ အလုံးလိုက်ရောင်းတဲ့ဆိုင်တွေရော ခွဲစိတ်ရောင်းတဲ့သူတွေရော ရောင်းကောင်းလာပါတယ်”ဟု ပြောသည်။

ထို့အပြင် ပြည်ပသို့ တင်ပို့ရာတွင် ကုန်ကျစရိတ်မြင့်တက်မှုနှင့် လမ်းကြောင်းအခက်အခဲများကြောင့် အရှုံးပေါ်မှုများ ဖြစ်ပေါ်လာသဖြင့် စိုက်ပျိုးသူအချို့ လျော့နည်းလာခဲ့ပြီး ပြည်တွင်းဈေးကွက်နှင့် ဒေသတွင်းဖြန့်ချိမှုကိုသာ ဦးစားပေးလာကြောင်း သိရသည်။

လက်ရှိတွင် ဖရဲသီးဈေးနှုန်းများလည်း မြင့်တက်လာပြီး ယခင်က တစ်လုံးလျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ ခန့်သာ ရရှိခဲ့ရာမှ ယခုအခါ အနိမ့်ဆုံး ကျပ် ၅၀၀၀ မှ ၈၀၀၀၊ ၉၀၀၀ အထိ ရောင်းချနိုင်ကြောင်း သိရသည်။ ခွဲစိတ်ရောင်းချသူများအနေဖြင့်လည်း တစ်စိတ်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချနေပြီး တစ်ရက်လျှင် ဖရဲသီး သုံးလုံးမှ လေးလုံးအထိ ရောင်းချနိုင်ကာ နေ့စဉ် အမြတ်ငွေ ကျပ် ၂၀၀၀၀ ဝန်းကျင် ရရှိနေကြောင်း သိရသည်။

အပူချိန်မြင့်တက်မှုနှင့်အတူ ဝယ်လိုအားတိုးလာခြင်းကြောင့် ပြည်တွင်းဖရဲဈေးကွက်တွင် အရောင်းအဝယ်တိုးတက်လာနေကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here