ဟားမတ်စ်တွေ အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူညီချက် ရရှိသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ပြောပါတယ်။
”ဒီကနေ့မှာပဲ ဂါဇာက ဟားမတ်စ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့အားလုံးကို အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့အတွက် ‘Board of Peace'(ငြိမ်းချမ်းရေးဘုတ်အဖွဲ့) က သမိုင်းဝင် သဘောတူညီချက်တစ်ခုကို ရရှိခဲ့ပါတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ” လို့ သူက Truth Social မှာ ရေးသားခဲ့ပါတယ်။
ဟားမတ်စ်တွေကို အပြည့်အဝ လက်နက်ဖြုတ်သိမ်းပြီးတာနဲ့ အစ္စရေးတပ်တွေ ဂါဇာကမ်းမြောင်ဒေသကနေ ဆုတ်ခွာသွားမယ်လို့လဲ သူက ပြောပါသေးတယ်။
ဟားမတ်စ်တွေကို အပြည့်အဝ လက်နက်ဖြုတ်သိမ်းမယ့် သဘောတူညီချက်နဲ့ ပတ်သက်ပြီး “ဒါဟာ ထရမ့်ရဲ့ အချက် (၂၀) ပါ အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ မှတ်တိုင်တစ်ခုပါပဲ” လို့ သူက Truth Social မှာ ရေးသားခဲ့ပါတယ်။
”ဒီသဘောတူညီချက်ကို သေချာချမှတ်ထားတဲ့ အဆင့်တွေအတိုင်း အကောင်အထည်ဖော်သွားမှာပါ။ လက်နက်ဖြုတ်သိမ်းရေး ပြီးစီးတာနဲ့ အစ္စရေးတပ်တွေ ဆုတ်ခွာသွားမှာဖြစ်ပြီး၊ ဂါဇာဒေသခံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေ လုံခြုံရေးအတွက် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့က ပါလက်စတိုင်း ရဲတပ်ဖွဲ့အသစ်နဲ့အတူ လက်တွဲပြီး တာဝန်ယူသွားမှာပါ” လို့ ထရမ့်က ထပ်လောင်းပြောဆိုပါတယ်။
ထရမ့်ရဲ့အဆိုအရ ဒီသဘောတူညီချက်ဟာ “ပါလက်စတိုင်းပြည်သူတွေကို ကူညီပေးဖို့ Board of Peace နဲ့ အနီးကပ်လက်တွဲလုပ်ဆောင်မယ့် ပါလက်စတိုင်းအစိုးရသစ်က ဂါဇာကို နောက်ဆုံးမှာ အုပ်ချုပ်နိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်” ဖြစ်တယ်လို့ သိရပါတယ်။
”တစ်ချိန်တည်းမှာပဲ ဂါဇာဒေသဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုခံရတော့မှာ မဟုတ်တဲ့အတွက် အစ္စရေးအနေနဲ့လည်း သူတို့နဲ့ ထိုက်တန်တဲ့ လုံခြုံရေးကို ရရှိမှာဖြစ်တယ်” လို့ အမေရိကန်သမ္မတက ပြောပါတယ်။