မွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်းကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံတွင် နေထိုင်သော ဂျပန်လူဦးရေသည် ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၁၂၀ အောက်သို့ ကျဆင်းသွားကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော အစိုးရ၏ အချက်အလက်များတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၁ ရက်နေ၌ ဂျပန်နိုင်ငံတွင် နေထိုင်သော ဂျပန်လူမျိုးဦးရေသည် ၁၁၉ ဒဿမ ၇၄ သန်းရှိပြီး ယခင်နှစ်ကထက် ၀ ဒဿမ ၇၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၁၉၆၈ ခုနှစ်မှစ၍ နှစ်စဉ်ကောက်ယူခဲ့သော စစ်တမ်းအရ ၂၀၀၉ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ၁၇ နှစ်ဆက်တိုက် ကျဆင်းနေခဲ့ခြင်းဖြစ်သည်။
သို့သော် ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားဦးရေမှာမူ ၂၀၁၃ ခုနှစ်တွင် မှတ်တမ်းများစတင်ထားရှိသည့်အချိန်မှစ၍ အများဆုံးအရေအတွက်သို့ ရောက်ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။
၎င်းတို့အပါအဝင်ဆိုလျှင် စုစုပေါင်းလူဦးရေမှာ ၁၂၃ ဒဿမ ၈ သန်းရှိသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ ပျှမ်းမျှအသက် ၄၉ ဒဿမ ၉ နှစ်ဖြင့် ဂျပန်သည် ကမ္ဘာပေါ်တွင် မိုနာကိုပြီးလျှင် ဒုတိယအသက်အကြီးဆုံး လူဦးရေဖြစ်သည်။
ဇွန်လတွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဂျပန်နိုင်ငံ၏ မွေးဖွားနှုန်းသည် ပြီးခဲ့သည့်နှစ်က စံချိန်တင် အနိမ့်ဆုံးသို့ ထပ်မံကျဆင်းခဲ့ပြီး ကမ္ဘာ့စတုတ္ထစီးပွားရေးအင်အားကြီးနိုင်ငံ ကို ထိခိုက်စေသည့် လူဦးရေအကျပ်အတည်းကို မီးမောင်းထိုးပြနေသည်။
အစိုးရ၏ ကိန်းဂဏန်းများအရ အမျိုးသမီးတစ်ဦး၏ တစ်သက်တာအတွင်း မွေးဖွားရန် မျှော်လင့်ထားသည့် ပျှမ်းမျှကလေးအရေအတွက်ဖြစ်သည့် စုစုပေါင်း မွေးဖွားနှုန်းသည် ယခင်နှစ်ကထက် ၀ ဒဿမ ၀၁ ကျဆင်းကာ ၁ ဒဿမ ၁၄ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီး ၁၀ နှစ်ဆက်တိုက်ကျဆင်းမှုဖြစ်သည်။
နိုင်ငံတွင် မွေးဖွားသော ကလေးအရေအတွက်သည် ၁၅,၀၀၀ နီးပါး ကျဆင်းကာ ဦးရေ ၆၇၀,၀၀၀ ကျော်သာရှိတော့ပြီး ၁၈၉၉ ခုနှစ်တွင် မှတ်တမ်းစယူချိန်မှစကာ အနည်းဆုံးအရေအတွက်ဖြစ်ခဲ့သည်။
Ref: ဘန်ကောက်ပို့စ်