ရန်ကုန်၊ ဇူလိုင် ၂၉
ရန်ကုန်မြိုရှိ အိန္ဒိယသံရုံးက ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်အဖြစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ (ဇူလိုင်လ ၂၉ ရက်) ညနေ ၄ နာရီတွင် ရန်ကုန်မြို၊ ကုန်သည်လမ်းရှိ India Center ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရွှေရတုတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋက ပါဠိပါရဂူ မော်ကျွန်းဆရာတော်ကြီး ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသအမှူးပြုသော ဆရာတော်အရှင်သူမြတ်တိုအား အိန္ဒိယသံရုံးမှ တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားကို နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်အဖွဲ့ဝင်များ ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီဥက္ကဋ္ဌ ၊အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်၊ သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်နှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းတို့မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဆူးလေစေတီတော်နှင့် ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ဝင်များ ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုနောက် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းဝင်နေရာများ ပြပွဲကိုလည်း ဖွင့်လှစ်ပြသခဲ့ပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။