ရန်ကုန်၊ ဇူလိုင် ၂၉
ယနေ့ကျရောက်သည့် သာသနာ့နေ့ထူးနေ့မြတ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စိန်မြဧရာကုန်းတော်ပေါ်၌ ကိန်းဝပ်စံပယ်တော်မူသော “လောကချမ်းသာ အဘယလာဘမုနိ” ကျောက်တော်ကြီးဘုရားသို့ လာရောက်ဖူးမြော်ကြသည့် စေတနာရှင် ဘုရားဖူးပြည်သူများဖြင့် စည်ကားသိုက်မြိုက်လျက် ရှိသည်။
ကျောက်တော်ကြီးဘုရားကြီးသည် တစ်ဆက်တည်းဖြစ်သော စလင်းကျောက်ဖြူတော်ကြီးကို ထုဆစ်ပူဇော်ထားသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် အံ့မခန်း ကျောက်ဆစ်လက်ရာ ရုပ်ပွားတော်မြတ်ကြီး ဖြစ်သည်နှင့်အညီ ယနေ့ ဓမ္မစကြာနေ့ထူးနေ့မြတ်တွင် ရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများနှင့် ဂန္ဓကုဋိကျောင်းတော်ကြီးအတွင်း ကြည်ညိုဖွယ်ရာ ပူဇော်ထားကြသည်။
ဘုရားဖူးပြည်သူများသည် နံနက်ပိုင်းမှစ၍ ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မှောက်၌ ဥပုသ်သီလ ဆောက်တည်ခြင်း၊ရွတ်ဖတ် သရဇ္ဇယ်ခြင်းတို့ဖြင့် စိန်မြဧရာကုန်းတော်တစ်ခုလုံး တရားသံများ၊ သာဓုခေါ်သံများဖြင့် ငြိမ်းအေးကြည်နူးဖွယ် သပ္ပါယ်လျက်ရှိကြောင်း သိရသည်။
