ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်ရှိ ရန်ကုန်စွယ်တော်မြတ်စေတီတော် (ဓမ္မဓာတုဇေယျစွယ်တော်မြတ်စေတီ) သို့ လာရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် တရားဘာဝနာ ပွားများသူများဖြင့် အထူးကြည်နူးသပ္ပါယ်စွာ စည်ကားလျက်ရှိသည်။
ရန်ကုန်စွယ်တော်မြတ်စေတီတော်သည် ၁၉၉၄ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ ကြွရောက်၍ ပထမအကြိမ် ဒိဋ္ဌဓမ္မ ပူဇော်ခံစဉ်က စွယ်တော်မြတ်၏ ရင်ငွေ့တော်ကို ခိုလှုံပူဇော်ခွင့် ရရှိခဲ့သည့် သမိုင်းဝင် သာသနာ့အမှတ်အသားတစ်ရပ် ဖြစ်သည်။ ထိုသို့ စွယ်တော်မြတ် ကြွရောက်လာစဉ် သက်ဆိုင်ရာမှ စွယ်တော်မြတ်၏ ပုံသဏ္ဌာန်အတိုင်း ပုံတူစွယ်တော်ပွား ဌာပနာ၍ ပုဂံခေတ် အနိရုဒ္ဓဒေဝ (အနိရုဒ္ဓမင်း) ၏ စွယ်တော်စေတီ တည်ထားကိုးကွယ်မှု ဗိသုကာပုံစံကို အခြေခံကာ ထာဝရကိုးကွယ်နိုင်ရေး တည်ထားခဲ့ခြင်း ဖြစ်သည်။
ယနေ့ ဓမ္မစကြာနေ့ထူးနေ့မြတ်တွင် ဂန္ဓကုဋိကျောင်းတော်ကြီးအတွင်း ကိန်းဝပ်စံပယ်တော်မူသော စွယ်တော်မြတ် ပုံတူပွားအား ပန်း၊ ရေချမ်းများဖြင့် ဂါရဝပြု ပူဇော်ထားကြတို့ဖြင့် သဒ္ဓါတရား ထက်သန်စွာ ကုသိုလ်ယူလျက်ရှိကြောင်း သိရသည်။
