မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား (၂၂) ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အလုပ်သမားအဖွဲ့သည် ရုရှားနိုင်ငံ၊ တာတာစတန်ပြည်နယ် (Tatarstan) သို့ ဧပြီလ (၂၈) ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
ဤစေလွှတ်မှုသည် အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် Vista International ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများအနေဖြင့် ပြည်ပတွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အထူးခြားဆုံး အချက်အနေဖြင့် ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း မိမိတို့၏ လုပ်ခလစာများကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံ စနစ်တကျနှင့် အဆင်ပြေချောမွေ့စွာ ပြန်လည်ပေးပို့နိုင်ရန် (Remittance) အတွက် ဝန်ကြီးဌာနက ကြိုတင်စီစဉ်ပေးထားသည်။
ရုရှားနိုင်ငံသို့ မထွက်ခွာမီ လေဆိပ်၌ပင် ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ တာဝန်ရှိသူများက အလုပ်သမားတစ်ဦးချင်းစီ၏ မိသားစုဝင်အမည်၊ လိပ်စာနှင့် မှတ်ပုံတင်အချက်အလက်များကို ကြိုတင်ကောက်ယူ မှတ်တမ်းတင်ပေးခဲ့သည်။
ဤသို့ ဆောင်ရွက်ပေးခြင်းကြောင့် အလုပ်သမားများအနေဖြင့် ရုရှားနိုင်ငံသို့ ရောက်ရှိသွားပါက တရားဝင် ဘဏ်လုပ်ငန်းစနစ်များမှတစ်ဆင့် မိသားစုထံသို့ ငွေလွှဲပို့ရာတွင် အခက်အခဲမရှိဘဲ လုံခြုံမြန်ဆန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဤအစီအစဉ်သည် နိုင်ငံခြားဝင်ငွေကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် စီးဝင်စေရုံသာမက ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လုပ်ခလစာများကိုလည်း ဘေးကင်းစွာဖြင့် မိသားစုလက်ဝယ်သို့ ရောက်ရှိစေမည့် အကျိုးကျေးဇူးကို ရရှိစေမည် ဖြစ်သည်။