Home News Local News ကမ္ဘာတလွှားမှ သံဃာတော်များ ကြွရောက်မည့် (၇၀) ပြည့် ဆဋ္ဌသံဂါယနာတင် အထိမ်းအမှတ်ပွဲကို ကမ္ဘာအေးကုန်းမြေတွင် ခမ်းနားစွာကျင်းပမည်

ကမ္ဘာတလွှားမှ သံဃာတော်များ ကြွရောက်မည့် (၇၀) ပြည့် ဆဋ္ဌသံဂါယနာတင် အထိမ်းအမှတ်ပွဲကို ကမ္ဘာအေးကုန်းမြေတွင် ခမ်းနားစွာကျင်းပမည်

0
64

မြန်မာနိုင်ငံ၏ သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက်ခြင်း အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ဧပြီလ (၃၀) ရက်မှ မေလ (၂) ရက်အထိ သုံးရက်တိုင်တိုင် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်သည်။

ယခုအခမ်းအနားသည် ပြည်တွင်းရှိ သံဃာတော်များသာမက မက္ကဆီကိုနှင့် ဗင်နီဇွဲလားကဲ့သို့သော အနောက်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ သံဃာတော်များနှင့် ဧည့်သည်တော်များ စုံညီစွာ ကြွရောက်ကြမည့် ကမ္ဘာလုံးဆိုင်ရာ သာသနာ့ပွဲတော်ကြီးလည်း ဖြစ်သည်။

ဧပြီလ (၂၈) ရက်မှစတင်ကာ ပြည်ပမှ ဆရာတော်ကြီးများ ရန်ကုန်မြို့သို့ စတင်ကြွရောက်လာကြပြီဖြစ်ပြီး သီတဂူဆရာတော်ကြီးအား ဖူးမြော်ဂါရဝပြုခြင်းနှင့် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများကို သတ်မှတ်ဟိုတယ်များ၌ သီတင်းသုံးကာ ဆောင်ရွက်တော်မူလျက်ရှိကြသည်။

မဟာမင်္ဂလာ အစီအစဉ်များအရ ဧပြီလ (၃၀) ရက်တွင် ဖွင့်ပွဲအခမ်းအနား၊ မေလ (၁) ရက်တွင် သာသနာရေးဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် မေလ (၂) ရက်တွင် အောင်ပွဲပြီးမြောက်ခြင်း အခမ်းအနားတို့ကို အဆင့်ဆင့် ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် (၃၁) အုပ်ကို ခေတ်မီစနစ်ဖြင့် ခင်းကျင်းပြသခြင်း၊ ဓာတ်ပုံနှင့် ရုပ်တုပြခန်းများ၊ ဉာဏ်စမ်းပဟေဠိများနှင့်အတူ ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် လှည့်လည်ပူဇော်မည့် မြင်ကွင်းများကိုပါ စုံလင်စွာ မြင်တွေ့ရမည် ဖြစ်သည်။

၁၉၅၄ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ကျင်းပခဲ့သော ဆဋ္ဌသံဂါယနာတင်ပွဲသည် မြတ်စွာဘုရား၏ ပိဋကတ်တော်များ မူအမှားအယွင်းမရှိစေရန် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ သံဃာတော်များ စုပေါင်းစစ်ဆေးတည်းဖြတ်ခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်ကြီး ဖြစ်သည်။

ယခုကဲ့သို့ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပခြင်းသည် ဗုဒ္ဓသာသနာတော်၏ ခိုင်မာသော အစဉ်အလာကို ပြန်လည်အမှတ်ရစေရုံသာမက၊ နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သာသနာပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။

ဤပွဲတော်ကြီးမှတစ်ဆင့် လူငယ်မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကိုဂုဏ်ယူ တန်ဖိုးထားတတ်လာစေခြင်းနှင့်အတူ ကမ္ဘာ့အလယ်တွင် မြန်မာ့သာသနာရေး အခန်းကဏ္ဍကို ပိုမိုတောက်ပလာစေမည့် ရေရှည်အကျိုးကျေးဇူးများကို ရရှိခံစားရမည် ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here