ယခင် ရှစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည့် ရန်ကုန်–မော်လမြိုင် ခရီးစဉ်မှာ ယခုအခါ ခြောက်နာရီခန့်သာ ကြာမြင့်တော့မည်
မြန်မာ့မီးရထားသည် ရန်ကုန်–မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင် မွမ်းမံခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးနောက် လေအေးပေးစက်တပ်ဆင်ထားသည့် ခေတ်မီ DEMU လူစီးအမြန်ရထားကို ဇူလိုင် ၁ ရက်မှစတင်၍ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုအဖြစ် မြေသားတာပေါင်ကျဉ်းသော နေရာများကို မြေဖို့ခြင်း၊ လမ်းခင်းကျောက်များ ထပ်မံဖြည့်တင်းခြင်းနှင့် လမ်းမြှောက်ပက်ကင်ရိုက်ခြင်းတို့ကို ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီးနောက် ရထားအမြန်နှုန်းကို တစ်နာရီလျှင် အများဆုံး ၇၅ ကီလိုမီတာအထိ ပြေးဆွဲနိုင်လာခဲ့သည်။
ထို့ကြောင့် ယခင် ရှစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည့် ရန်ကုန်–မော်လမြိုင် ခရီးစဉ်မှာ ယခုအခါ ခြောက်နာရီခန့်သာ ကြာမြင့်တော့မည်ဖြစ်သည်။
အမှတ် (၈၃) အဆန် DEMU ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၅ နာရီတွင် ထွက်ခွာကာ မော်လမြိုင်ဘူတာသို့ နံနက် ၁၁ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးစဉ်ဖြစ်သည့် အမှတ် (၈၄) အစုန် DEMU ရထားသည် မော်လမြိုင်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၆ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
ခရီးစဉ်အတွင်း တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံနှင့် ပေါင်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်သည်။ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်း နှစ်တွဲနှင့် ပထမတန်း လေးတွဲပါဝင်ကာ အထက်တန်းထိုင်ခုံ ၆၆ ခုံ၊ ပထမတန်းထိုင်ခုံ ၂၂၄ ခုံဖြင့် စုစုပေါင်း ခရီးသည် ၂၉၀ ဦး စီးနင်းနိုင်မည်ဖြစ်သည်။ လက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစမှ အဆုံးအထိ အထက်တန်း ငွေကျပ် ၂၂,၀၀၀ နှင့် ပထမတန်း ငွေကျပ် ၁၆,၀၀၀ ဖြစ်ကြောင်း သိရသည်။
DEMU ရထားတွဲများတွင် လေအေးပေးစက်စနစ် တပ်ဆင်ထားသဖြင့် ခရီးသည်များ သက်သောင့်သက်သာ စီးနင်းနိုင်မည်ဖြစ်ပြီး ဘုရားဖူးနှင့် အပန်းဖြေခရီးသွားများအတွက်လည်း ပိုမိုအဆင်ပြေစေမည်ဟု မြန်မာ့မီးရထားက ဆိုသည်။
ထို့ပြင် ORTP စနစ်ကို အသုံးပြု၍ ရထားလက်မှတ်များကိုလည်း အလွယ်တကူ ဝယ်ယူနိုင်ကြောင်း သိရသည်။
