ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၁၄) ခု၌ ဇူလိုင်လ ပထမ (၁၀) ရက်ပတ် (ဇူလိုင် ၁ ရက်မှ ဇူလိုင် ၁၀ ရက်) အတွင်း မိုးရွာသွန်းမှုမှာ ရွာသွန်းမြဲထက်ပိုနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၁ ရက်တွင် အသိပေးခဲ့သည်။
ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်သည်ဟု အသိပေးခဲ့သည်။
စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင်မူ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟုလည်း မိုးဇလက အသိပေးခဲ့သည်။
ယင်း ဇူလိုင်လ ပထမ (၁၀) ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ်ဖြစ်ပေါ်နိုင်ကာ ပိုမိုအားကောင်းလာပြီးနောက် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သည်ဟုလည်း အသိပေးခဲ့သည်။
