မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) မှ ကြီးမှူးကျင်းပမည့် Myanmar–China Trade & Investment Expo 2026 ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ (YCC) တွင် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲသည် မြန်မာ–တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ စားသောက်ကုန်နှင့် လူသုံးကုန်လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အလှကုန်၊ ဖက်ရှင်နှင့် လက်မှုပစ္စည်းလုပ်ငန်းများအပြင် ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
ပြပွဲတွင် ပါဝင်ပြသခြင်းအားဖြင့် လုပ်ငန်းနှင့် ထုတ်ကုန်များကို ပိုမိုလူသိများလာစေရန်၊ ဖောက်သည်အသစ်များ ရရှိနိုင်ရန်၊ တရုတ်နှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်ရန်၊ ကိုယ်စားလှယ်များနှင့် ဖြန့်ချိရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်အပြင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုလည်း ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲသည် မြန်မာ–တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန်နှင့် ပြည်တွင်း MSMEs လုပ်ငန်းများအတွက် နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
