ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့တွင် ယမန်နေ့ ဇွန်လ (၁၅) ရက် မွန်လွဲပိုင်းက အသက် (၁၂) နှစ်အ ရွယ် အမွှာမောင်နှမ အပါအဝင် ကလေးငယ်သုံးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းအချို့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်၊ ခင်တန်းတိုးချဲ့မြေနေရာရှိ သင်္ချိုင်းကုန်းအနီး မြေကွက်လပ်တွင် မြေတူးထားရာမှ ဖြစ်ပေါ်နေသည့် ရေအိုင်အတွင်း ကလေးငယ် သုံးဦး ရေဆင်းကစားရာမှ ယခုကဲ့သို့ ရေနစ်သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်များမှာ စတုတ္ထတန်းတွင် ပညာသင်ကြားနေသည့် အသက် (၁၂)နှစ်အရွယ် အမွှာမောင်နှမဖြစ်သော မကြယ်စင်အေးနှင့် မောင်ကြယ်စင်အောင်၊ ဒုတိယတန်းကျောင်းသူ အသက် (၇) နှစ်အရွယ် မဇွန်ပန်းဖြူတို့ ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုများနှင့် ရေအိုင်ကြီးများ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် မေလ (၂၂) ရက်နေ့ကလည်း ပဲခူးမြို့၊ ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးသည့် ကလေးငယ်လေးဦး ရေနစ်သေဆုံးခဲ့ရသေးသည်။
ထို့ကြောင့် မိဘအုပ်ထိန်းသူများအနေ ဖြင့် မိမိတို့၏ ကလေးငယ်များကို ရေ အိုင်နှင့် မြစ်ချောင်းများအနီး သွားလာဆော့ကစားခြင်း မပြုရန် အထူးဂရုပြု တားမြစ်သင့်ကြောင်း နှိုးဆော်ထားကြသည်။
ဓာတ်ပုံ – ကညွှတ်ကွင်းနာရေးကူညီမှု အသင်း
