ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ပိုမိုတည်ငြိမ်ကောင်းမွန်လာစေရေးနှင့် ပြည်သူများအတွက် ပိုမိုအဆင်ပြေသည့် လျှပ်စစ်ဝန်ဆောင်မှုများ ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဟု လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က ပြောကြားခဲ့သည်။
ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က ယမန်နေ့ (ဇွန် ၁၅)က မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခြင်းလည်း ဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်သော ကြောင့် ကချင်ပြည်နယ်အတွင်း ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ပိုမိုစနစ်ကျစွာ ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ထမ်းများအားလုံး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။
တွေ့ဆုံပွဲအတွင်း မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်းနှင့် မြို့နယ်အလိုက် ဓာတ်အားခွဲရုံမှူးများကလည်း ဓာတ်အားဖြန့်ဖြူပေးနိုင်သည့် အခြေအနေများ၊ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးဆောင်ရွက်ချက်များနှင့် ဒေသလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
