၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ သရေကျသွားခဲ့ကြောင်း Daily Mail ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါပွဲစဉ်ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ဇွန်လ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၂၁)မိနစ်တွင် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုဗိုလူကစ်က ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။
ပထမပိုင်းတွင် ကနေဒါအသင်းအနေဖြင့် ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဘော့စနီးယားအသင်း၏ ခိုင်မာသည့် ခံစစ်ကြောင့် ချေပဂိုးရရှိရန် ရုန်းကန်ခဲ့ရပြီး တစ်ဂိုးအရှုံးဖြင့် ပထမပိုင်းကို ဖြတ်သန်းခဲ့ရကြောင်း သိရသည်။
ဒုတိယပိုင်းတွင် ကနေဒါနည်းပြ၏ လူစားလဲမှုမှာ ထိရောက်မှုရှိခဲ့ပြီး ပွဲချိန် (၇၈) မိနစ်တွင် လူစားဝင်တိုက်စစ်မှူး ဆိုင်းလ် လာရင်က ပြိုင်ဘက် နောက်ခံလူ တာရစ် မူဟာရီမိုဗစ်ကို ကျော်ဖြတ်ကာ ဘော့စနီးယားဂိုးသမား နီကိုလာ ဗာဆီလ် လက်မမီနိုင်အောင် ကန်သွင်းပြီး ချေပဂိုး သွင်းယူပေးခဲ့သည်။
အဆိုပါ သရေရလဒ်ကြောင့် ကနေဒါအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးသော ရမှတ်ကို စတင်ရယူနိုင်ခဲ့ပြီး အုပ်စု (B) မှတစ်ဆင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန်အတွက် မျှော်လင့်ချက်များကို ဆက် လက်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
