Home News Local News ဘားအံ၊ ဘီးလင်းနှင့် မဒေါက်မြို့တို့တွင် မြစ်ရေစိုးရိမ်မှတ်ထက် ကျော်လွန်နေ၍ မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုကြရန် နှိုးဆော်

ဘားအံ၊ ဘီးလင်းနှင့် မဒေါက်မြို့တို့တွင် မြစ်ရေစိုးရိမ်မှတ်ထက် ကျော်လွန်နေ၍ မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုကြရန် နှိုးဆော်

0
88

ဘားအံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မဒေါက်မြို့တို့တွင် မြစ်ရေများ စိုးရိမ်မှတ်သို့ ရောက်ရှိခြင်းနှင့် စိုးရိမ်မှတ်ထက် ကျော်လွန်ခြင်းများ ဖြစ်ပေါ်နေသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများ အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတိပေး နှိုးဆော်ထားသည်။

ဇူလိုင် ၁၂ ရက် တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့အတူ ဘီးလင်းမြစ်ရေသည်လည်း ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ထက် တစ်လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ထက် တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေသည်။

အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်သော်လည်း မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ ဘားအံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မဒေါက်မြို့တို့အတွင်းရှိ မြစ်ကမ်းနားနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ရပ်ကွက် (၄) ခုနှင့်ကျေးရွာအုပ်စု (၂) စုရှိ မြေနိမ့်ပိုင်းနေရာများကို ရေဝင်ရောက်မှုများဖြစ်ပေါ်နေခြင်းကြောင့်လည်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၉) ခုကို ဖွင့်လှစ်ပေးထားကြောင်းလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here