ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်သူများ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် မိုဘိုင်းစခန်း ကိုးခုကို 4G LTE စနစ်သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာ၌ မိုဘိုင်းစခန်းသစ် ဖွင့်လှစ်ခြင်းကို ယမန်နေ့က အဆိုပါမိုဘိုင်းစခန်းရှေ့၌ ကျင်းပခဲ့သည်။
သတ်မှတ်ကာလအတွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့သည့် ၎င်းမိုဘိုင်းစခန်းသစ် ဖွင့်ပွဲသို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
