ဝန်ကြီးချုပ် ကီယာ စတားမားသည် တနင်္လာနေ့တွင် ရာထူးမှနုတ်ထွက်ရန် စီစဉ်နေသည်ဆိုသည်မှာ ယုံကြည်လောက်စရာအကြောင်းမရှိကြောင်း ဗြိတိန်စီးပွားရေးဝန်ကြီး ပီတာ ကိုင်လီက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
စကိုင်းနူးစ်သတင်းဌာနသို့ ကိုင်လီက ပြောကြားရာတွင် သောကြာနေ့က သူ စတားမာနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးဖြစ်ခဲ့ကြောင်း ဆိုခဲ့သည်။
ဗြိတိန်နိုင်ငံထုတ် အော့ဇတ်ဗာသတင်းစာက စတားမား သည် တနင်္လာနေ့တွင် ရာထူးမှနုတ်ထွက်ရန် မျှော်လင့်ထားပြီး ရာထူးနုတ်ထွက်မည့် အစီအစဉ်အချိန်ဇယားကို ချမှတ်ထားသည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးအလုပ်ကို ဆက်လက်လုပ်ဆောင်ရန် အာရုံစိုက်နေဆဲဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
စတားမား ရာထူးမှနုတ်ထွက်ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ကိုင်လီက “ကျွန်တော်တော့ ဒါတွေ မှန်ကန်တယ်လို့ ယုံကြည်စရာအကြောင်းမရှိပါဘူး။ ကောလဟလတွေ အများကြီးထွက်နေတာ တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။
“ဒီနေ့မှာလည်း ကျွန်တော် တခြားနေ့တွေမှာ သိထားတဲ့ ကီယာပုံစံပါပဲ၊ သူ အလုပ်ကြိုးစားနေပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံရေးအခြေအနေတွေ၊ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို စဉ်းစားဆင်ခြင်နိုင်တဲ့ နေရာတစ်ခုဖန်တီးဖို့လည်း ကြိုးစားနေပါတယ်” ဟု ကိုင်လီက ဆက်လက်ပြောကြားခဲ့သည်။
သောကြာနေ့က စတားမာနှင့် စကားပြောဆိုခဲ့မှု အကြောင်းအရာများကို အသေးစိတ်ပြောပြရန် ကိုင်လီက ငြင်းဆိုခဲ့ပြီး အချိန်ကြာကြာ ပြောဆိုဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွားအကြောင်းကို တစ်ခါမျှ မမေးဖြစ်ကြောင်းနှင့် တိုင်းရေးပြည်ရေးနှင့်ပတ်သက်၍သာ ပြောခဲ့ကြောင်း ဆိုခဲ့သည်။
လပေါင်းများစွာ ဖြစ်တည်လာသော စတားမာ၏ ရာထူးနေရာအပေါ် ခြိမ်းခြောက်မှုသည် သောကြာနေ့တွင် ပါတီတွင်းပြိုင်ဘက် အန်ဒီ ဘန်းဟမ်းက ခေါင်းဆောင်မှုဆိုင်ရာအပေါ် တရားဝင်စိန်ခေါ်ခွင့်ရရှိစေမည့် လွှတ်တော်အမတ်နေရာကို အနိုင်ရရှိခဲ့ပြီးနောက်တွင် သိသိသာသာ မြင့်တက်လာခဲ့သည်။
သည်အော့ဇတ်ဗာ၏ သတင်းဖော်ပြချက်အရ စတားမားသည် နောက်ဆုံး ဆုံးဖြတ်ချက်မချခင်တွင် Chequers ကျေးလက်နေအိမ်၌ ဇနီးဖြစ်သူနှင့် ယင်းကိစ္စကို ဆွေးနွေးနေခဲ့ကြောင်းနှင့် လေဘာပါတီ၏ အကြီးတန်း ခေါင်းဆောင်များက သူ၏ အနာဂတ်နှင့် ပတ်သက်၍ တနင်္လာနေ့တွင် ရှင်းလင်းသော ကြေညာချက်တစ်ခု ထုတ်ပြန်မည်ဟု မျှော်လင့်ရကြောင်း ဆိုခဲ့သည်။
Ref: ရိုက်တာ
