နေပြည်တော်၊ ဩဂုတ် ၈
ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque တို့ ဩဂုတ် ၃ ရက်က တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက်တွင် သဘောထားတုံ့ပြန်ချက် ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ဌာနေကိုယ်စားလှယ်တို့၏ တွေ့ဆုံမှုကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအပြင် ICRC ၏ စံနှုန်းနှင့် လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည့် အပြုသဘောဆောင်သော ဖော်ပြချက်များကို မြန်မာနိုင်ငံက အသိအမှတ်ပြုသော်လည်း “မြန်မာနိုင်ငံရှိ ထိန်းသိမ်းခံထားရသူများအား တွေ့ဆုံခွင့် ပိုမိုပေးအပ်ရန်” နှင့် “ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ အပြည့်အဝလွှတ်ပေးရန်” ဆိုသည့် တောင်းဆိုချက်များသည် နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေးလုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးရေး အခြေခံမူများအပေါ် သက်ရောက်မှုရှိစေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသောစီမံခန့်ခွဲမှုများအတွက် တရားဥပဒေအရ အရေးယူထားခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်ဖြင့် ပြစ်ဒဏ်များ လျှော့ပေါ့ပေးထားသော်လည်း ခြွင်းချက်မရှိ အပြည့်အဝလွှတ်ပေးရေးမှာ တရားဥပဒေနှင့်အညီသာ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ငါးနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌများ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်ရှိအထူးကိုယ်စားလှယ်နှင့်လည်း ဆက်လက်ပူးပေါင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် လက်ရှိတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အစိုးရက နိုင်ငံတော်တာဝန်ယူဆောင်ရွက်နေပြီဖြစ်သဖြင့် နောင်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနှင့် ယင်းအခန်းကဏ္ဍ ဆက်လက်ထားရှိရေးမှာ မလိုအပ်တော့ကြောင်း မြန်မာနိုင်ငံက ရှုမြင်ထားသည်။
ထို့ပြင် အာဆီယံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုနှင့် ပြည်တွင်းရေးမစွက်ဖက်ရေး အခြေခံမူများကို လေးစားလိုက်နာရန်နှင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအပေါ် ဖိအားပေးခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်းသဘော သက်ရောက်သည့် ဆောင်ရွက်ချက်များကို ရှောင်ရှားရန်လည်း တိုက်တွန်းထားသည်။
မြန်မာနိုင်ငံအနေဖြင့် အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများအပေါ် ကိစ္စရပ်တစ်ခုချင်းအလိုက် လိုအပ်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ “Myanmar-owned and Myanmar-led approach” ဖြင့် အာဆီယံနှင့် ဆက်ဆံရေးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
