ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေတို့သည် လာမည့် ၂၄ နာရီအတွင်း မြို့(၅)မြို့၏ စိုးရိမ်ရေမှတ်အထက်၌ဆက်လက်တည်ရှိနိုင်ကြောင်း ယနေ့ သြဂုတ် ၉ ရက်နံနက် ၈ နာရီက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် မြို့၏ စိုးရိမ်ရေမှတ်အထက်(၂)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၂)လက်မခန့်မြင့်တက်လာနိုင်ကာ မြို့၏စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ ပေဝက်ခန့်ဆက်လက်မြင့်တက်၍ မြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ (၃)လက်မခန့်မြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ (၄)လက်မခန့်ကျဆင်းလာနိုင်သော်လည်း မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့မြို့၏ စိုးရိမ်ရေမှတ်အထက် (၂)ပေကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ (၁)ပေခန့်မြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မင်းကင်းမြို့နယ်၊ မုံရွာမြို့နယ်၊ ဘားအံမြို့နယ်၊ မဒေါက်မြို့နှင့် မြစ်ငယ်မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားကြရန် မိုးဇလက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
