တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ် ပြုပြင်ထိန်းသိမ်းခြင်းများ တစ်ပါတည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် တောင်ငူမြို့အတွင်း ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေး၊ မြို့ကိုပတ်လည်ဝန်းရံထားသည့် ရှေးဟောင်းကျုံးအတွင်း ရေများ ကြည်လင်သန့်ရှင်းစွာ စီးဆင်းစေရေးနှင့် ကြာပန်းပေါင်းစုံဖြင့် လှပတင့်တယ်စေရေးတို့အတွက် ကျုံးအတွင်း ပိတ်ဆို့နေသည့် သဲသောင်များ၊ အမှိုက်များနှင့် ခြုံနွယ်များကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မူလမြို့တွင်းရှိ ရေတွင်း၊ ရေမြောင်းများကိုလည်း ပြန်လည်တူးဖော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် တောင်ငူမင်းဆက်များ၏ ထီးမွေနန်းမွေနှင့် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိနေသည့် သမိုင်းဝင်ဒေသတစ်ခုဖြစ်သည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး၏ အရှေ့မြောက်ဘက်၊ စစ်တောင်းမြစ်နံဘေးတွင် တည်ရှိပြီး ရန်ကုန်-မန္တလေး ကားလမ်းနှင့် ရထားလမ်းတို့ ဖြတ်သန်းရာ အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ အရှေ့ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့တို့၊ မြောက်ဘက်တွင် နေပြည်တော်တို့နှင့် ထိစပ်လျက်ရှိသဖြင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလုပ်ငန်းများအတွက် အရေးပါသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
တောင်ငူဒေသသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံကောင်းများ ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်သည့်အတွက် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မကြာမီ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
