တိုကျို၊ ဇွန်လ ၁၂ ရက်
ဂျပန်နိုင်ငံသည် သောကြာနေ့တွင် နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စု ရှိ တာနဲဂါရှီးမား အာကာသစခန်း မှနေ၍ H3 စမ်းသပ်ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့သည်။
ပိုမိုရိုးရှင်းသော ပုံစံသစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အမှတ် (၆) H3 ဒုံးပျံသည် ဒေသစံတော်ချိန် နံနက် ၀၉၅၄ နာရီခန့်တွင် ပျံတက်သွားခဲ့သည်။ ရာသီဥတုဆိုးရွားမှုကြောင့် မူလသတ်မှတ်ထားသည့် အစီအစဉ်ထက် နှစ်ရက်နောက်ကျ၍ လွှတ်တင်ခဲ့ရသည်။
ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) ၏ ပြောကြားချက်အရ အဆိုပါဒုံးပျံသည် သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ ပျံသန်းနိုင်ခဲ့ပြီး လွှတ်တင်၍ ၁၅ မိနစ်ခန့်အကြာတွင် ရည်မှန်းထားသော ပတ်လမ်း ထဲသို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
အဆိုပါဒုံးပျံသည် သမုဒ္ဒရာစောင့်ကြည့်လေ့လာရေးနှင့် အာကာသအမှိုက်များ ဖယ်ရှားရေးဆိုင်ရာ နည်းပညာစမ်းသပ်မှုများ အပါအဝင် အခြားသော ရည်ရွယ်ချက်များအတွက် အသုံးပြုမည့် အသေးစားဂြိုဟ်တု ၆ စင်းကို ယသယ်ဆောင်သွားခဲ့ကြောင်း က ဖော်ပြခဲ့သည်။
ယခုလွှတ်တင်မှုသည် ပြီးခဲ့သည့် ဒီဇင်ဘာလက အမှတ် (၈) H3 ဒုံးပျံ ပျံသန်းမှုမအောင်မြင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်လုပ်ဆောင်သည့် H3 မစ်ရှင်တစ်ခု ဖြစ်သည်။
Ref: ဆင်ဟွာ
