တွန်းဇံ၊ စက်တင်ဘာ ၉
ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးပေးသည့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တွန်းဇံမြို့ရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ် ချင်းပြည်နယ် တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးသွားသည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးနှင့် ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့က တီးတိန်မြို့ရှိ ထိခိုက်ပျက်စီးနေအိမ်များအတွက် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
