မန္တလေး၊ စက်တင်ဘာ ၈
မန္တလေးမြို့၊ ၃၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားတွင် ယနေ့နံနက်ပိုင်းက သက်တမ်းရင့်သစ်ပင်ကြီးတစ်ပင် ရုတ်တရက်လဲကျခဲ့ရာ ဖြတ်သန်းသွားလာနေသည့် လိုက်ထရပ်ကားတစ်စီး ပိမိခဲ့ပြီး ကားခေါင်းခန်းအတွင်း ပိတ်မိနေသူအား မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီဝန်းကျင်က အောင်နန်းရိပ်သာအနောက်ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သစ်ပင်ကြီးသည် ရုတ်တရက်လဲကျကာ ဖြတ်သန်းလာသည့် လိုက်ထရပ်ကား၏ ရှေ့ခေါင်းခန်းပေါ်သို့ တို-က်ရို-က်ပိမိခဲ့ခြင်းဖြစ်သည်။
“ရုတ်တရက် လဲကျတာဆိုတော့ ကားက ရှောင်ချိန်မရလိုက်ဘူး။ ကားခေါင်းခန်းထဲက လူ ပိမိသွားတာ” ဟု အခင်းဖြစ်ပွားရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကားခေါင်းခန်းအတွင်း ပိတ်မိနေသူအား အမြန်ဆုံးကယ်ထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များက ပူးပေါင်းကယ်ဆယ်လျက်ရှိကြောင်း သိရသည်။
Photo – သန်းဌေး
