၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသား၊ ကျောင်းသူများအတွက် အတန်းကူးပြောင်း တက်ရောက်နိုင်မည့် Placement Test (အထူးအစီအစဉ်) အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
လျှောက်ထားနိုင်သူနှင့် သတ်မှတ်ချက်များ
ကျောင်းသားအရည်အချင်း
လျှောက်ထားသူသည် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း သို့မဟုတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ယူခဲ့ဖူးသူ ဖြစ်ရမည်။
အတန်းသတ်မှတ်ချက်
မိမိနောက်ဆုံးတက်ရောက်ခဲ့သည့်ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့သည့် အတန်းအတွက် ကျောင်းထောက်ခံချက်(မူရင်း) (သို့မဟုတ်) မိတ္တူ(မှန်)တင်ပြရမည်။ အကယ်၍ မတင်ပြနိုင်ပါက အရေးပေါ်အခြေအနေ ကြေညာထားသော မြို့နယ်အတွင်းရှိ ကျောင်းတွင် တက်ရောက်ခဲ့သူ ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပူးတွဲတင်ပြရမည်။
ဖြေဆိုရမည့်အတန်း
မိမိအသက်အရွယ်အရ တက်ရောက်သင်ယူရမည့် အတန်း၏ တစ်တန်းနိမ့်အတန်း Placement Test ဖြေဆိုရမည်။ (ဥပမာ- အသက်အရွယ်အရ Grade 9 တက်ရောက်ရမည့် ကျောင်းသားသည် Grade 8 အဆင့်ကို ဖြေဆိုရမည်ဖြစ်ပြီး၊ မိမိဆန္ဒအရ Grade 7 ကိုသာ တက်ရောက်လိုပါက Grade 6 အဆင့်ကို ဖြေဆိုရမည်)။
လျှောက်လွှာထုတ်ယူခြင်းနှင့် ရက်စွဲများ
လျှောက်လွှာထုတ်ယူရန်
လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် မေလ ၂၂ ရက်နေ့မှစ၍ ပိတ်ရက်မရှိ အခမဲ့ ထုတ်ယူနိုင်သည်။
လျှောက်လွှာပိတ်ရက်
ဖြည့်စွက်ပြီးသည့် လျှောက်လွှာများကို ဇွန်လ ၅ ရက်နေ့ (ရုံးချိန်နောက်ဆုံး) ထား၍ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ ပြန်လည်ပေးပို့ တင်သွင်းရမည်ဖြစ်သည်။
စာမေးပွဲဖြေဆိုရမည့်ရက်
အဆိုပါ Placement Test ကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အတွင်း သတ်မှတ်ထားသည့် စာစစ်ဌာနများတွင် ဖြေဆိုရမည်ဖြစ်သည်။
ဖြေဆိုသူများ သတိပြုရန်
စာမေးပွဲဖြေဆိုသည့်နေ့များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကျောင်းဝတ်စုံ (အင်္ကျီအဖြူ၊ လုံချည်အစိမ်း) ကို စနစ်တကျ ဝတ်ဆင်၍ ဖြေဆိုရမည်ဖြစ်ပြီး အဆိုပါ စာမေးပွဲ အောင်မြင်မှသာ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ အတန်းတက်ရောက် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
