ကျောက်ဆည်၊ ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) ၌ တစ်ခါသုံး ဆေးထိုးအပ်များကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ ပြန်လည်ထုတ်လုပ်နေကြောင်း သိရသည်။
အဆိုပါ ထုတ်လုပ်မှု ပြန်လည်စတင်ခြင်း ဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Valves Private Limited ဥက္ကဋ္ဌတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စက်ရုံအတွင်း ထုတ်လုပ်နေမှု၊ အရည်အသွေး စစ်ဆေးနေမှုနှင့် ထုပ်ပိုးမှုစနစ်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆေးဝါးစက်ရုံ (အင်ရောင်း) အနေဖြင့် ပြည်တွင်း ဆေးဝါးနှင့် ဆေးပစ္စည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အများဆုံး အသုံးပြုသည့် 3 ml/cc၊ 5 ml/cc၊ 10 ml/cc နှင့် 20 ml/cc စသည့် အရွယ်အစား (၄) မျိုးကို အဓိကထား၍ တစ်နှစ်လျှင် ခုရေ သန်း ၁၀၀ အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်သည်။
လက်ရှိတွင် အဆိုပါစက်ရုံမှ သွေးကြောသွင်း ဆေးရည်၊ ထိုးဆေး၊ ဆေးမှုန့်နှင့် လိမ်းဆေး အပါအဝင် ဆေးဝါးအမျိုးအစား ၄၄ မျိုးကို ပုံမှန် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ယခုကဲ့သို့ တစ်ခါသုံး ဆေးထိုးအပ်များ ပြန်လည်ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်တွင်း ဆေးပစ္စည်း လိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
