ကရင်ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမ မလုံလောက်သည့်စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမ ၄၀၀ကျော်ခန့်အပ်ရန် ရှိကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစသိန်းကျော်ထံမှ သိရသည်။
အဆိုပါအစီအစဉ်အရ အလယ်တန်းပြနှင့် မူလတန်းပြ ဆရာ၊ ဆရာမ ၄၀၀ ကျော် ခန့်အပ်သွားမည်လည်း ဖြစ်သည်။
ထို့အပြင် (ဇွန် ၁၈) က ကျင်းပခဲ့သည့် ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လှိုင်းဘွဲ့ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွေးလွင်က ပိုင်ကျုံမြို့နယ်ခွဲ၊ ထန်းတပင်ကျေးရွာအုပ်စုက အ.မ.က မဲသပုံကျောင်း၌ မူလတန်းပြ ဆရာ၊ ဆရာမ မလုံလောက်ခြင်းကြောင့် တိုးမြှင့်ခန့်ထားပေးရန် ရှိ၊ မရှိ မေးခွန်း မေးမြန်းခဲ့သေးသည်။
ယခု ခန့်အပ်မည့် ဆရာ၊ ဆရာမများကို အဓိကလိုအပ်နေသည့် ကျောင်းများ၌ ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဟုလည်း သိရသည်။
