ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြောက်ပိုင်းတောင်တန်းသစ်တောဒေသစနစ်တည်ရှိရာဒေသတွင် နိုင်ငံဧရိယာ၏ (၂ ဒသမ ၅၉)ရာခိုင်နှုန်းဖြစ်သော ဧက(၄ ဒသမ ၃) သန်းအား သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုအဖြစ် သတ်မှတ်ထူထောင်ထားသည်ဟု ပြောသည်။
ယင်း သစ်တောကြီးများ၌ အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများကိုလက်ခံထိန်းသိမ်းပေးထားပြီး အချို့အစိတ်အပိုင်းများမှာ ယနေ့တိုင်မပျက်မစီးဘဲမူလအတိုင်း တည်ရှိနေဆဲဖြစ်သည်ဟု ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌သစ်တောသယံဇာတအကြွယ်ဝဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့်အ ပြင် ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရန် သဘာဝကိုအခြေခံသည့် ဖြေရှင်းခြင်းနည်းလမ်းများကိုအကောင် အထည်ဖော်ဆောင်ရွက်ရာတွင်လည်းများစွာ ပံ့ပိုးကူညီလျက်ရှိသည်ဟု ပြောသည်။
ထို့အတူ သစ်တောကာကွယ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲကာကွယ်ထိန်းသိမ်းခြင်းနှင့် ဂေဟစနစ်ပြန်လည်ထူထောင်ခြင်းအစီအစဥ်များကိုလည်း မြန်မာနိုင်ငံ၌ အမျိုးသားအဆင့်ဦးစားပေးလုပ်ငန်းများအဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ရှီးဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအမြဲတမ်းကော်မတီဝင်နှင့် ပြည်သူ့အစိုးရ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Ren Wei က ဦးဆောင်ကျင်းပခဲ့ပြီး၊ ရှီးဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီအတွင်းရေးမှူး Wang Junzheng နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ Wang Guangqian တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။


