ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉ ခုမှာ ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခဲ့ပြီး၊ အများစုကတော့ ပစိဖိတ်စက်ဝန်းဒေသ တလျှောက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်း နှစ်ခုဟာ ဩဂုတ်လ ၁၅ ရက်နေ့အထိ ကမ္ဘာတဝှမ်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတွေရဲ့ အချက်အလက်တွေကို စုစည်းထုတ်ပြန်ပေးခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို လိုအပ်တာထက် ပိုပြီး ထိတ်လန့်မသွားစေဘဲ ငလျင်အကြောင်း ပိုမိုနားလည်လာစေဖို့၊ သတိထားမိလာစေဖို့နဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်ကြဖို့အတွက် ဖြစ်ပါတယ်။
အပြင်းထန်ဆုံး ငလျင်ကတော့ ဒေသစံတော်ချိန် ဇွန်လ ၈ ရက်နေ့က ဖိလစ်ပိုင်မှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ဖြစ်ပြီး၊ နောက်ဆုံးလှုပ်ခတ်ခဲ့တာကတော့ ဩဂုတ်လ ၁၅ ရက်နေ့ မနက် ၄:၅၈ နာရီမှာ အင်ဒိုနီးရှားနိုင်ငံ ဖလိုရက်စ် (Flores) ကျွန်းအနီးမှာ လှုပ်ခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား မိုးလေဝသနဲ့ ဇလဗေဒ အေဂျင်စီ (BMKG) က ဖလိုရက်စ်ငလျင်ကို ပြင်းအား ၇.၇ နဲ့ အနက် ၁၅ ကီလိုမီတာမှာ လှုပ်ခဲ့တာလို့ ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကလည်း ပြင်းအား ၇.၇ လို့ပဲ သတင်းထုတ်ပြန်ပေမဲ့ ငလျင်အနက်ကိုတော့ ၁၀ ကီလိုမီတာမှာ လှုပ်တာလို့ ဖော်ပြခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ အထက် ငလျင်တွေ
ဩဂုတ်လ ၁၅ ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့ ပြင်းအား ၇.၀ နဲ့ အထက် ငလျင် ၁၁ ကြိမ်ကတော့ –
ဖေဖော်ဝါရီ ၂၂ – မလေးရှား (ပြင်းအား ၇.၁)
မတ်လ ၂၄ – တွန်ဂါ (ပြင်းအား ၇.၅)
မတ်လ ၃၀ – ဗာနူအာတူ (ပြင်းအား ၇.၃)
ဧပြီလ ၂ – အင်ဒိုနီးရှား (ပြင်းအား ၇.၄)
ဧပြီလ ၂၀ – ဂျပန် (ပြင်းအား ၇.၄)
ဇွန်လ ၈ – ဖိလစ်ပိုင် (ပြင်းအား ၇.၈)
ဇွန်လ ၂၄ – ဗင်နီဇွဲလား (ပြင်းအား ၇.၂)
ဇွန်လ ၂၄ – ဗင်နီဇွဲလား (ပြင်းအား ၇.၅)
ဇူလိုင်လ ၁၇ – မက္ကဆီကို (ပြင်းအား ၇.၃)
ဩဂုတ်လ ၁၀ – ကိုလံဘီယာ (ပြင်းအား ၇.၄)
ဩဂုတ်လ ၁၅ – အင်ဒိုနီးရှား (ပြင်းအား ၇.၇)
ဒီအချက်အလက်တွေအရ ငလျင်ကြီးတွေဟာ ကမ္ဘာ့နေရာတစ်ခုတည်းမှာပဲ ကန့်သတ်လှုပ်ခတ်တာ မဟုတ်ဘူးဆိုတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ ပြတ်ရွေ့ကျောက်ချပ်ကြီးတွေရဲ့ နယ်နိမိတ်တွေဖြစ်တဲ့ ပစိဖိတ်စက်ဝန်းဒေသ တလျှောက်မှာ စုပြုံလှုပ်ခတ်နေတာပါ။
ဒီလိုနေရာတွေမှာ ပြတ်ရွေ့ကျောက်ချပ်ကြီးတွေဟာ တစ်ခုနဲ့တစ်ခု တိုက်မိတာ၊ တစ်ခုအောက်တစ်ခု တိုးဝင်တာ၊ ခွဲထွက်တာ ဒါမှမဟုတ် ဘေးချင်းပွတ်ဆွဲ သွားတာမျိုးတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလို အပြတ်ကြောင်းတွေမှာ စွမ်းအင်တွေ စုစည်းလာပြီး ပြန်လည်ထွက်ရှိလာတာကြောင့် ကျောက်ချပ်တွေရဲ့ ဗဟိုအတွင်းပိုင်းတွေထက်စာရင် ဒီနယ်နိမိတ်ဒေသတွေမှာ ငလျင်လှုပ်တာနဲ့ မီးတောင်ပေါက်ကွဲတာတွေ ပိုပြီး ဖြစ်ပွားရတာ ဖြစ်ပါတယ်။
