ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
သောကြာနေ့က ဖနွန်းပင်တွင် ဟွန်မာနက်နှင့် ပင်တဂွန်၏ မူဝါဒရေးရာ ထိပ်တန်းအရာရှိ အယ်လ်ဘရစ်ချ်တို့ တွေ့ဆုံခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။
အန်ကော ဆန်တီနယ် စစ်ရေးလေ့ကျင့်မှုကို ၂၀၂၇ ခုနှစ်တွင် ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား ရင်းနှီးသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် တံတားတစ်စင်း ဖြစ်လိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။
နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သော တိုးတက်မှု အဖြစ် ၎င်းက ချီးကျူးပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားသည် အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ခုနစ်နှစ်ကြာ လုပ်ဆောင်ခဲ့သော်လည်း တရုတ်စစ်တပ်နှင့် ပထမဆုံးအကြိမ် ရွှေနဂါးစစ်ရေးလေ့ကျင့်မှုများလုပ်အပြီး လပိုင်းအကြာ ၂၀၁၇ ခုနှစ်အစောပိုင်းတွင် အဆိုပါပူးတွဲလေ့ကျင့်မှုများကို ဖနွန်းပင်က ဖျ-က်သိမ်းခဲ့သည်။
ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ပြီးခဲ့သည့်နှစ်က အမြောက်တပ်၊ စစ်သင်္ဘောများနှင့် တိုက်ခိုက်ရေးစက်ရုပ်ခွေးများအပါအဝင် အဆင့်မြင့် တရုတ်စစ်ဘက်ပစ္စည်းများ ပါဝင်သည့် ၎င်းတို့၏ အကြီးမားဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။
ဖနွန်းပင်သည် အရှေ့တောင်အာရှတွင် ပေကျင်း၏ အခိုင်မာဆုံး မဟာမိတ်များထဲမှ တစ်နိုင်ငံဖြစ်ပြီး ဒေါ်လာဘီလျံများစွာသော ရင်းနှီးမြှုပ်နှံမှုများ ရရှိထားသည်။
Ref: ထိုင်းပီဘီအက်စ်ဝေါလ်
