Home Movies အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်‌လို့ ရေနံဈေးမြင့်တက်လာ

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်‌လို့ ရေနံဈေးမြင့်တက်လာ

0
76

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးနောက်မှာ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ အီရန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ဖြတ်သန်းသွားလာမှု အားလုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်(CENTCOM) ကတော့ ကုန်သွယ်ရေးသင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားအတွင်းကို ပုံမှန်အတိုင်းပဲ အဝင်အထွက် ဖြတ်သန်းသွားလာနေကြတုန်းပဲလို့ ပြောဆိုထားပါတယ်။

ဒီရေလက်ကြားနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေကြောင့် လန်ဒန်အခြေစိုက် ICE ရောင်းဝယ်ရေးဌာနမှာ ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းတွေဟာ ၁.၉ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။

နောက်ဆုံးဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အဓိကအချက်အလက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ ထုတ်ပြန်ချက်များ

  • အမေရိကန်က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ဟော်မုဇ်ရေလက်ကြားကို လမ်းကြောင်းအားလုံးအတွက် ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
  • တစ်ချိန်တည်းမှာပဲ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်ကလည်း ဒီရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့ သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။
  • အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေက ဒီဒေသတွင်းမှာရှိတဲ့ သင်္ဘောတွေအားလုံးကို ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းမသွားကြဖို့ သတိပေးထားပြီး၊ ဒီရေလက်ကြားဘက်ကို ဦးတည်ရွေ့လျားလာတဲ့ ဘယ်လိုလှုပ်ရှားမှုကိုမဆို ရန်သူနဲ့ ပူးပေါင်းဆောင်ရွက်တာလို့ သတ်မှတ်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
  • ဒါ့အပြင် အမေရိကန်စစ်တပ်ဘက်က လာမယ့် ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို အီရန်အနေနဲ့ “ပြတ်သားပြီး” “ပြင်းထန်တဲ့” တုံ့ပြန်မှုမျိုး ပြုလုပ်သွားမယ်လို့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
  • တိုကျိုမြို့ဆိုင်ရာ အီရန်သံအမတ်ကြီး ပေမန် ဆာဒတ်(Peyman Saadat) က ပြောကြားရာမှာတော့ အီရန်ဟာ ကျူးကျော်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တာဖြစ်ပြီး “လိုအပ်သလောက် အချိန်အထိ” ဆက်ပိတ်ထားမှာဖြစ်တယ်၊ ဒါပေမဲ့ ရုရှားနဲ့ တရုတ်အပါအဝင် မိတ်ဖက်နိုင်ငံတွေအတွက်တော့ ဒီရေလမ်းကြောင်းက ဆက်ပွင့်နေမှာဖြစ်တယ်”လို့ ဆိုပါတယ်။
  • အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို တိုက်ခိုက်ခြင်းအားဖြင့် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ဓားစာခံအဖြစ် ထိရောက်စွာ လုပ်လိုက်တာပဲလို့ သံအမတ်ကြီးက ပြောကြားပါသေးတယ်။

အမေရိကန်နိုင်ငံရဲ့ ထုတ်ပြန်ချက်

  • အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကတော့ “ကုန်သွယ်ရေးသင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားအတွင်းကို ပုံမှန်အတိုင်းပဲ ဆက်လက်ဝင်ထွက် ဖြတ်သန်းနေကြပါတယ်” လို့ ပြောပါတယ်။

ရေနံဈေးနှုန်းများ

  • ရောင်းဝယ်မှုဆိုင်ရာ အချက်အလက်တွေအရ လန်ဒန်အခြေစိုက် ICE ရောင်းဝယ်ရေးဌာနမှာ သြဂုတ်လအတွက် ကြိုတင်ရောင်းဝယ်တဲ့ ဘရန့် (Brent) ရေနံစိမ်းအနာဂတ်ဈေးနှုန်းတွေဟာ ၁.၉၁ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။
  • ဂရင်းနစ်စံတော်ချိန် မနက် ၁:၀၈ နာရီမှာ ဘရန့် ရေနံဈေးဟာ ၂.၅၈ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်ကို ၉၅.၅ ဒေါ်လာအထိ ရောက်ရှိခဲ့ပါတယ်။
  • ဒါပေမယ့် ဒီနေ့မနက် စောစောပိုင်းအထိတော့ ဘရန့် ရေနံစိမ်းဟာ တစ်စည်ကို ၉၄.၈၈ ဒေါ်လာ (+၁.၉၁ ရာခိုင်နှုန်း) နဲ့ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။
  • တစ်ချိန်တည်းမှာပဲ ဇူလိုင်လအတွက် ကြိုတင်ရောင်းဝယ်တဲ့ WTI ရေနံစိမ်းအနာဂတ်ဈေးနှုန်းတွေဟာလည်း ၂.၁၃ ရာခိုင်နှုန်း မြင့်တက်သွားပြီး တစ်စည်ကို ၉၁. ၉၅ ဒေါ်လာအထိ ရှိလာခဲ့ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here