အာဖရိက ဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါတစ်ခုဖြစ်ပြီး လူသို့ လုံးဝ(လုံးဝ)ကူးစက်ခြင်းမရှိသော်လည်း မိမိတို့ မွေးမြူထားသော ဝက်များကို အဆိုပါ ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ယနေ့တွင် အသိပေးနှိုးဆော်ထားသည်။
တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်ေ-သဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေး မြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန် အသိပေးထားသည်။
ယနေ့ အသိပေးနှိုးဆော်ချက်အရ ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ရန်၊ ဝက်ခြံများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ ဝက်များကို စားသောက်ဆိုင်နှင့်အိမ်များမှစားကြွင်း စားကျန်များ ကျွေးမွေးခြင်းမပြုရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ကန့်သတ်ရန်၊ အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန်စသည့် အချက်များကို အသိပေးထား သည်။
အလားတူ ဝက်ခြံများ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကိုဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့် ဝက်များကို မိမိခြံရှိဝက်များနှင့်အတူထည့်သွင်းမွေးမြူခြင်းမပြုမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊ ပြည်ပမှတရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊ တောဝက်နှင့်အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲရုတ် တရက်ေ-သဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်စသည်တို့ကို နှိုးဆော်အသိပေးထားသည်။