ပြင်ပဈေးကွက်အတွင်း ရွှေဈေး နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ စုံးစမ်းသိရှိရသည်။
ယနေ့ ညနေပိုင်း စျေးနှုန်းများအရအခေါက်ရွှေ တစ်ကျပ်သားလျှင် (၇၄) သိန်းအထိကျဆင်းလာပြီး ယမန်နေ့ကထက် (၄၀,၀၀၀) ကျဆင်းလာကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာ (၄,၄၀၀) ပတ်လည်ရှိနေရာမှ ယနေ့ညနေပိုင်းဈေးအရ တစ်ဒေါ် လာ (၄,၃၄၀) ကျပ်သို့ ကျဆင်းလာကြောင်း သိရသည်။
ပြည်တွင်းရွှေစျေးနှုန်းများမှာ ယခုရက်သတ္တပတ်တစ်ပတ်အတွင်း အမြင့်ဆုံးစျေးနှုန်းအဖြစ် (၇၈) သိန်း ဝန်းကျင်အထိ ရောက်ရှိခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခြ င်း ဖြစ်သည်။
ပြည်တွင်း ရွှေစျေးနှင့် ဒေါ်လာစျေးနှုန်းများမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် (၁၄) သိန်းဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် (၁၃၀၀) ကျပ်ဝန်းကျင်သာရှိရာမှ ၂၀၂၂ ခုနှစ်တွင် ရွှေတစ်ကျပ်သား ကျပ်သိန်း (၃၀) ဝန်းကျင်၊ တစ်ဒေါ်လာလျှင် (၂၄၀၀) ဝန်းကျင်၊၂၀၂၃ ခုနှစ်အတွင်း ရွှေတစ်ကျပ်သား ကျပ်သိန်း (၄၀) ဝန်းကျင်၊ တစ်ဒေါ်လာလျှင် (၃၀၀၀)ကျပ်ဝန်းကျင်၊ ၂၀၂၄ ခုနှစ်အတွင်း ရွှေတစ်ကျပ်သား ကျပ်သိန်း (၆၀)ဝန်းကျင်၊ တစ်ဒေါ်လာလျှင် (၄,၀၀၀) ကျပ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကာ ယခုနှစ်အတွင်း စျေးနှုန်းများ ထပ်မံကာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲလှယ်နှုန်းဖြစ်သည့် အမေရိကန်တစ်ဒေါ်လာကို (၃,၂၀၀) ကျပ်ဝန်းကျင်ဖြင့် တွက်ချက်ထားသည့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ စျေးနှုန်းအရ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၈)သိန်းကျော်ဖြစ်ကြောင်း သိရသည်။
