ရန်ကုန်၊ ဩဂုတ် ၁၄
ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးသည် Partition Horrors Remembrance Day 2026 (နယ်မြေပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်ရာနေ့) အခမ်းအနားကို ယနေ့ (ဩဂုတ် ၁၄ ရက်) ညနေပိုင်းက India Center ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသည် ၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ နယ်မြေပိုင်းခြားစဉ်ကာလအတွင်း အိုးအိမ်စွန့်ခွာခဲ့ရသူများ၊ ဆင်းရဲဒုက္ခ ခံစားခဲ့ကြရသည့် သန်းပေါင်းများစွာသော ပြည်သူများကို အောက်မေ့ဂုဏ်ပြုရန်နှင့် အသက်ရှင်ကျန်ရစ်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ ဇွဲသတ္တိတို့ကို အသိအမှတ်ပြုရန်အတွက် ၂၀၂၁ ခုနှစ်မှစ၍ အိန္ဒိယအစိုးရက နှစ်စဉ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်။
” နယ်မြေပိုင်းခြားမှု၏ ဘေးဒုက္ခခံစားခဲ့ရသူများနှင့် အသက်ရှင်ကျန်ရစ်သူများကို အောက်မေ့သတိရခြင်းသည် ဂုဏ်ပြုရုံမျှမကဘဲ၊ ငြိမ်းချမ်းရေး နှင့် အပြန်အလှန်လေးစားမှုကို ထိန်းသိမ်းရန်နှင့် သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့်ဖြေရှင်းရန် ကျွန်ုပ်တို၏ စုပေါင်းတာဝန်ဝတ္တရားကို ပြန်လည်အတည်ပြုခြင်းလည်း ဖြစ်ပါတယ်” ဟု အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘေး သာကူးရ် (Shri Abhay Thakur) ကပြောသည်။
ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ လူမှုအဖွဲ့အစည်းများနှင့် ပညာရှင်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ အိန္ဒိယနွယ်ဖွားများအပါအဝင် ဧည့်သည်တော် ၁၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နယ်မြေပိုင်းခြားမှုဆိုင်ရာ သမိုင်းဝင် ရှားပါးဓာတ်ပုံများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ မှတ်တမ်းများနှင့် ခေတ်ပြိုင်သတင်း မှတ်တမ်းများ ပါဝင်သည့် ပြပွဲတစ်ခုကိုလည်း ထည့်သွင်းပြသခဲ့ကြောင်း သိရသည်။
