ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသနိုင်သည့် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်အတွင်း ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေရာ၌ ခေတ်မီစက်ကြီးများဖြစ်သည့် SPECT-CT နှင့် PET-CT စက်များကို အသုံးပြု၍ ရောဂါအမျိုးအစားအလိုက် ခွဲခြားစစ်ဆေးပေးလျက်ရှိသည်။
ထို့ပြင် သိုင်းရွိုက်၊ အရိုး၊ ကျောက်ကပ်၊ ပါရာသိုင်းရွိုက်၊ အသည်းနှင့် သရက်ရွက်၊ သည်းခြေလမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို အဏုမြူရောင်ခြည်ဆေးရည်အသုံးပြုကာ ရှာဖွေကုသပေးနေပြီး ကင်ဆာရောဂါဆိုင်ရာ စမ်းသပ်ရှာဖွေမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
SPECT-CT စက်သည် အဏုမြူရောင်ခြည်ဆေးရည်ကို အသုံးပြု၍ အရိုး၊ ကျောက်ကပ်၊ သိုင်းရွိုက်၊ ပါရာသိုင်းရွိုက်နှင့် အသည်းရောဂါများကို ရှာဖွေပေးနိုင်သည့် စက်အမျိုးအစားဖြစ်ပြီး PET-CT စက်မှာ ကင်ဆာရောဂါရှာဖွေရာတွင် အဓိကအသုံးပြုလျက်ရှိသည်။
အဆိုပါ အဏုမြူရောင်ခြည်ဆေးရည်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ Cyclotron စက်ကြီးမှ ကိုယ်တိုင်ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
