မြန်မာ့နှလုံးသားထဲက
စီးဆင်းနေတဲ့ ‘ဧရာဝတီ’ကို
တိုင်တည်ပါတယ်။
မေခနဲ့မလိခတို့ ပေါင်းဆုံရာ
ဘူမိနက်သန်ထူးတဲ့ ‘မြေ’ ကို သစ္စာပြုပါရဲ့။
သဘာဝရဲ့ အစိမ်းရောင် လွင်ပြင်ကျယ်တွေ
ပိုင်စိုးထားတဲ့ … နိုင်ငံ။
အသက်ကိုပေးလှူ
‘ခေါင်း’ စင်းခံပေးခဲ့တဲ့
သူရဲကောင်းတွေ ခြေလှိမ့်ခဲ့ရာ
မြန်မာ့သုခမ ‘ပုဂံ’။
ဒေါ်ဒေါ် လူထုဒေါ်အမာ ပြောခဲ့တယ်
‘ပုဂံမပျက်သမျှ ဗမာမပျက်နိုင်’
‘ပုဂံတည်တံ့သမျှ ဗမာတည်တံ့ပါ တယ်’
‘ပုဂံတင့်တယ်သမျှ
ဗမာတင့်တယ်ပါတယ်’တဲ့။
မြေကြီးငလျင်တွေကို
မကြောက်ပါနဲ့ ‘ပုဂံ’။
အနုပညာရဲ့ သွေးဦးသားဦး
စာပေ သူရဲကောင်းတွေ . . .
စာပေ စစ်သည်တော်တွေ . . .
စာပေ မျိုးချစ်တွေ . . .
ခြေချင်းလှိမ့်တဲ့ တစ်နေ့ထိ
‘လှည်းဝင်ရိုးသံ တညံညံ’နဲ့
မားမတ်ခိုင်ခန့် တည်ရှိနေပါဦး ‘ပုဂံ’။
ရက္ခသိန်းထွန်း(မြောက်ဦး)