ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး “ထူးမခြားနား” သီချင်းကို မြန်မာ့စောင်းဖြင့် သီဆိုပူဇော်ခဲ့ကြသည်။
သင်္ဂါယနာအမေးအဖြေနှင့် ဩဝါဒကထာများ
ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရတို့က သုတ္တန္တပိဋကတ်တော်ကို သင်္ဂါယနာအမေးအဖြေ ပြုလုပ်ပူဇော်ခဲ့ကြပြီး သံဃာတော် ၁၅ ပါးတို့က စုပေါင်းသံပြိုင် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ သဘာပတိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရွှေဘိုဆရာတော် ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူခဲ့သည်။
သာသနာ့သမိုင်းဝင် စာတမ်းများ ဖတ်ကြားခြင်း
အခမ်းအနားတွင် လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသက စာတမ်းများနှင့်စပ်လျဉ်း၍ လျှောက်ထားခဲ့ပြီးနောက် အောက်ပါစာတမ်းများကို ဖတ်ကြားခဲ့ကြသည် ။
“မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသင်္ဂါယနာတင်သမိုင်း” စာတမ်း
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တကေတုက ဖတ်ကြားခဲ့သည်။
“ကမ္ဘာပေါ်တွင် ပညာဉာဏ်အရည်အချင်းစစ် အရှည်ကြာဆုံးစာမေးပွဲ (တိပိဋကဓရ တိပိဋကကောဝိဒ)” စာတမ်း
ပိဋကသုံးပုံနိကာယ်ကျောင်းတိုက် မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက ဖတ်ကြားခဲ့သည်။
စာတမ်းများဖတ်ကြားအပြီးတွင် တက်ရောက်လာသူများ၏ မေးမြန်းလျှောက်ထားမှုများကို စာတမ်းရှင်ဆရာတော်များက ပြန်လည်ဖြေကြားခဲ့ကြသည်။ ထို့နောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
