ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း လီဗစ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်ပေးမယ့် အလားအလာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ လီဗစ်က “လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ရင် သမ္မတ ဒေါ်နယ်ထရမ့်က ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသထားပြီးသားပါ။ ကံဆိုးပြီး ဝမ်းနည်းစရာကောင်းတာက ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းအပါအဝင် တခြားနိုင်ငံတွေကို လက်နက်တွေ အများကြီး ပေးပစ်ခဲ့တာပါပဲ” လို့ ဖြေကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်နက်ခဲယမ်းတွေ ပေးအပ်တဲ့ကိစ္စနဲ့ပတ်သက်လာရင် သမ္မတထရမ့်ဟာ အရင်အစိုးရထက်စာရင် “ပိုပြီး စဉ်းစားဆင်ခြင် ချင့်ချိန်နိုင်စွမ်းရှိတယ်” လို့လည်း သူမက ဆိုပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့မှာ သမ္မတထရမ့်က အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေကို လက်နက်အသုံးပြုခွင့် လိုင်စင်တွေ ချပေးတဲ့နေရာမှာ အလွန်သတိထားသင့်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဝါရှင်တန်အနေနဲ့ ယူကရိန်းကို ပက်ထရီယော့တ် ဒုံးကျည်စနစ်တွေ ထုတ်လုပ်တဲ့ နည်းပညာတွေဖြစ်စေ၊ တိုမာဟော့ခ် ခရုစ်ဒုံးကျည်တွေဖြစ်စေ ပေးအပ်ဖို့ သဘောတူထားတာမရှိကြောင်း ပြောကြားခဲ့ပါတယ်။
