နေပြည်တော်၊ ဇူလိုင် ၃၀
မိမိယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်းများ အသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်း ခံခဲ့ရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး လုပ်ငန်းစဉ်ကို အသိပေးထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် ယာဉ်ပိုင်ရှင်များသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် လိုအပ်သည့် အထောက်အထားများဖြင့် လျှောက်ထားနိုင်မည်ဖြစ်သည်။
လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် မူရင်း၊ မှတ်ပုံတင်စာအုပ်အရောင်၊ ယာဉ်အရောင်၊ ယာဉ်၏ရှေ့၊ နောက်နှင့် ဘေးဘက်မြင်ကွင်းဓာတ်ပုံများအပြင် ယာဉ်မှတ်ပုံတင်စာအုပ်ပါ QR Code အချက်အလက်များကို စိစစ်တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သက်ဆိုင်ရာဌာနက စိစစ်အတည်ပြုပြီးပါက ယခင် QR Code ကို ပယ်ဖျက်ကာ QR Code အသစ် ထုတ်ပေးသွားမည်ဖြစ်ပြီး၊ ယာဉ်ပိုင်ရှင်များအနေဖြင့် QR Code အသစ်ကို အသုံးပြု၍ စက်သုံးဆီဝယ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
ယခုဆောင်ရွက်ချက်သည် မိမိယာဉ်နံပါတ်ကို အခြားသူများက အလွဲသုံးစားပြု၍ စက်သုံးဆီဝယ်ယူမှုများကို ကာကွယ်တားဆီးရန်နှင့် ယာဉ်ပိုင်ရှင်များ၏ အခွင့်အရေးကို ကာကွယ်ပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။