ရန်ကုန်၊ ဇူလိုင် ၃၀
လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အိမ်သုံးမီတာများအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာအသစ်များကိုပါ လျှောက်ထားနိုင်မည်ဖြစ်သည်။
နိုင်ငံတော်ထံမှ ငှားရမ်းအသုံးပြုရာတွင် မီတာများ လျှင်မြန်စွာ ရရှိနိုင်ရေး၊ ပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုမရှိဘဲ အချိန်နှင့် စရိတ်စက သက်သာစေရန်အတွက် Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်မည် ဖြစ်သည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် တရားဝင် အခကြေးငွေများကိုသာ ပေးသွင်းရမည်ဖြစ်သည်။
အဆိုပါ ကျသင့်ငွေများကိုလည်း မည်သည့် အပိုကုန်ကျစရိတ်မျှ ထပ်မံပေးရန်မလိုဘဲ သတ်မှတ်ထားသည့် Account သို့ Online မှတစ်ဆင့် တိုက်ရိုက် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
