မန္တလေးငလျင်ကြီးအပြီး မဟာမြတ်မုနိဘုရားကြီးကို ပြင်ဆင်မွမ်းမံနေတဲ့လက်ရှိ ဇူလိုင်လလယ်အခြေအနေပုံများကို တင်ဆက်လိုက်ပါတယ်။
လက်ရှိမှာ ဘုရားကြီးပတ်ပတ်လည်လျှောက်ခွင့်တော့ မပေးထားသေးပါဘူး။ ဘုရားမျက်နှာတော်မူရာရှေ့တည့်တည့်ကိုပဲ သံဃာတစ်တန်း၊ အမျိုးသားတစ်တန်း၊ အမျိုးသမီးတစ်တန်း၊ (၃) တန်းခွဲကာ ဘုရားဝတ်ပြုရန်နေရာ စီစဉ်ပေးထားပါတယ်။ အဲ့နေရာမှလွဲ၍ ဘုရားရင်ပြင်ကိုလှည့်ပတ်ရန်ခွင့်မပြုထားသေးပါ။ အကြီးစားပြင်ဆင်ရေးများလုပ်နေဆဲဖြစ်ပါတယ်။
ဘုရားပြင်ဆင်ခြင်းလုပ်ငန်းတွေ ဥပုသ်နေ့တစ်ရက်ကိုတော့ ရပ်နားပြီး ရပ်နားချိန်မှာ ဘုရားကိုရွှေသင်္ကန်းကပ်ခွင့်ပေးထားကြောင်း သိရပါတယ်။
ဘုရားစောင်းတန်းများကတော့ ပြင်ဆင်နေဆဲဖြစ်ကာ ဗောဓိပင်စောင်းတန်းတော့ဖွင့်နေတာရှိပါတယ်။ စောင်းတန်းများမှ ဈေးသည်များရဲ့အပြောအရ ဈေးဝယ်ပါးပြီး ဈေးအရောင်းငြိမ်ကာဝယ်ရင်းဈေးမှာတော့ အတက်ဘက်ကိုသွားနေပါတယ်။ လတ်တလောအရင်းတွေဟာ ၂၀ ရာခိုင်နှုန်းဝန်းကျင်လောက် တက်နေတယ်လို့ ဆိုကြပါတယ်။
ငလျင်ကြီးလှုပ်ချိန်က ဖုန်လုံးကြီးတွေအရင်ဝင်လာတာမို့ လေမုန်တိုင်းကျတယ်ထင်တာ၊ ပြီးတော့မှ ပြိုကျသံတွေသတိထားမိတာ၊ လူကကြောင်ပြီး ထတောင်မပြေးနိုင်ဘူးဟု နိဗ္ဗာန်ကုန်ဆိုင်က အမျိုးသမီးတစ်ဦးက ဆိုသည်။ ဆိုင်တွေကလူတွေလွတ်တာများကြပြီး ဘုရားဖူးတွေက ဘယ်ပြေးရမှန်းမသိလို့ မလွတ်တာဖြစ်နိုင်ကြောင်း သူမကဆိုသည်။
ငလျင်ကြီးလှုပ်ပြီးရက်ပေါင်း ၁၁၀ အတွင်း နောက်ဆက်တွဲငလျင်များလှုပ်နေသော်လည်း မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က ကိုယ်တော်တိုင် ရင်ငွေ့လှုံပေးခဲ့တဲ့ ဆင်းတုတော် ဖြစ်တာကြောင့် မန္တလေးမဟာမြတ်မုနိဘုရားကြီးမှာတော့ ဘုရားဖူးများဟာ ဝင်လာမစဲတသဲသဲပါပဲ။ ဥပုသ်နေ့၊ စနေနဲ့ တနင်္ဂနွေ ပိတ်ရက်များမှာတော့ လူပိုမိုစည်ကားနေတတ်ပါတယ်။
