ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၂
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ Tanah Merah ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။
အဆိုပါ မြန်မာနိုင်ငံသား ၈၆ ဦးကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) လေယာဉ်အမှတ် 8M-502 ဖြင့် ပြန်လည်ခေါ်ဆောင်မည်ဖြစ်ပြီး မိသားစုဝင်များ သိရှိနိုင်ရန် နေရပ်ပြန်မည့်သူများ၏ အမည်စာရင်းကို သံရုံး၏ Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခု၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် နေရပ်ပြန်လိုသူများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းစိစစ်ကာ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မိသားစုဝင်များထံ မသမာသူများက ငွေကြေးလိမ်လည်တောင်းခံသည့် ဖြစ်စဉ်များရှိနေသဖြင့် ယင်းကဲ့သို့ လိမ်လည်တောင်းခံမှုများကို သတိပြုကြရန်လည်း မြန်မာသံရုံးက အသိပေးထားသည်။
