လူငယ်စင်တာဖွင့်ရန်အစီအစဥ်ရေးဆွဲထားဟုဆို
ယနေ့(ဇွန်လ ၁၄ရက်}တွင် ပုသိမ်မြို့မြို့တော်ခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့်ဧရာဝတီတိုင်းလူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်က လူငယ်ကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကဏ္ဍပေါင်းစုံလူငယ်များမှ သိလိုသည်များ မေးမြန်ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
ပုသိမ်မြို့တွင် လူငယ်စင်တာဖွင့်ရန်အစီအစဥ်ရေးဆွဲထားကြောင်းနှင့် လူငယ်လုပ်ငန်းရှင်များနှင့်ပက်သက်၍လည်း မဟာဗျူဟာထဲတွင် ပါဝင်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို အာဆီယံ skill level အဆင့်ထိ ရောက်အောင် သင်ကြားသွားမည်ဖြစ်ကြောင်း၊ထို့မှသာ အာဆီယံနိုင်ငံများသို့သွားရောက်လုပ်ကိုင်သူများအနေဖြင့် လုပ်ခလစာ တန်းတူရရှိမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိင်ငံမှ နိုင်ငံခြားသို့သွားရောက်ပညာသင်ကြားလိုသည့် ကျောင်းသားများကိုလည်း youth network တစ်ခုဖွင့်လှစ်ပြီး ကမ်းလှမ်းချက်များနှင့်ပတ်သက်၍ network တွင် ဖော်ပြပေးနိုင်ရန်စီစဥ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းနောက် စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
