တမင်တကာယူမိခဲ့တဲ့ ဝဋ်ကြွေးမှာ
အကုသိုလ်တွေက ပေါလောပေါ်လို့
မနိုင်မနှင်းထမ်းထားရတဲ့ကံထုပ်ကြီးထဲ
မစ္ဆိယစိတ်တွေက အလေးချိန်ပိုစီး
ညည်းညူမိဖို့တောင် မေ့နေခဲ့ကြ။
ငါနိုင်တယ် မရှုံးဘူးဆိုတဲ့
သာသာယာယာ အတွေးထဲ
လောဘ၊ ဒေါသတွေက တဝဲဝဲလည်ရင်း
မသိခြင်းရဲ့ မသိစိတ်အခြားတစ်ဖက်မှာ
သောကတွေ ဖိစီးနေပေါ့။
ရင်ဘတ်ခြင်းမတူနိုင်တဲ့
ဝန်တိုတတ်တာခြင်း အတူတူရဲ့မောဟမှာ
ပြာကျခဲ့ရတဲ့ မျှော်လင့်ချက်တွေလည်း လောင်ကျွမ်း
လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်ရှိသူကို ယှဉ်မရချိန်မှ
ကိုယ့်ကိုယ်တရားရသလို
အေးချမ်းတဲ့အပြုံးတွေ ကြိုးစားပြုံး
အရှုံးပေးရင်နှလုံးအေးလို့ ကြွေးကျော်
တကယ်တမ်း မမော်နိုင်တာ
ကိုယ့်စိတ်ကိုယ်သိကြတယ်။
မသိလို့တိုးမိတဲ့အပူထက်
သိသိနဲ့တိုးကြတဲ့ လောင်မြိုက်မှုမှာ
ပိုးဖလံကောင်တွေက တဖြုတ်ဖြုတ်
သြော်တကယ်တော့ လူတွေဆိုတာ
ပုဇွန်ဦးနှောက်နဲ့ ပိုးဖလံတွေ။ ။
အေပရယ်ညိုညိုချော